ရာသီဥတု ပူလွန်းရင် အစာစားချင်စိတ်မရှိ ဖြစ်တတ်တာ ဘာကြောင့်လဲ
ရာသီဥတုကလည်း တဖြည်းဖြည်းပိုပြီး ပူလာပါပြီ။ ဆောင်းကာလတွေတုန်းက ရာသီဥတုအေးအေးလေးမှာ ဘာလေးနဲ့စားစား စားဝင်စားမြိန်ခဲ့သမျှ နွေရာသီလည်း ရောက်လာရော ဘာနဲ့စားစား စားမဝင် မစားချင်မသောက်ချင် ဖြစ်လာကြပြီ မဟုတ်လား။ အထူးသဖြင့် ကလေးငယ်လေးတွေနဲ့ အသက်ကြီးတဲ့သူတွေက ပိုဆိုးပါတယ်။
တချို့ကလည်း ရောဂါတစ်ခုခုရှိလို့များ အစားအသောက် ပျက်တာလား စိတ်ပူကြသလို နွေကာလတွေမှာ အစာစားချင်စိတ်မရှိတာဟာ ဖြစ်နေကျမှန်း သိပေမယ့်လည်း ဘာကြောင့်ဖြစ်မှန်း မသိတဲ့သူတွေလည်း များမှာပါ။ တကယ်တော့ ပူတဲ့ရာသီမှာ အစာမစားချင်တာဟာ ပုံမှန်ပါပဲ။
အစာစားလိုက်တဲ့အခါ အစာခြေတဲ့ ဇီဝကမ္မဖြစ်စဥ်တွေ အလုပ်လုပ်တာနဲ့ အဆီတွေလောင်ကျွမ်းတာကြောင့် စွမ်းအင်တွေထွက်လာပြီး ခန္ဓာကိုယ်အပူချိန်ကို တက်လာစေတာမို့ အေးတဲ့ရာသီတွေမှာ အစာစားချင်စိတ် ခဏခဏဖြစ်တာဟာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်းတစ်မျိုး ဖြစ်ပါတယ်။ အစာစားပြီးတဲ့အခါ (အထူးသဖြင့်) အပူအစပ်တွေ၊ လက်ဖက်ရည်၊ ကော်ဖီနဲ့ ရေနွေးကြမ်းပူပူလေးတွေ သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က နွေးလာတာမျိုး ခံစားဖူးကြတယ် မဟုတ်လား။
နွေရာသီလို ပူတဲ့ရာသီဥတုမှာ အစာမကြာခဏစားရင် အစာခြေလုပ်ငန်းစဥ်ကြောင့် ခန္ဓာကိုယ်အပူချိန် တက်လာခြင်းကို လျှော့ချနိုင်ဖို့အတွက် အစာစားချင်စိတ် ဖြစ်မလာတာပါ။ ဒါဟာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတဲ့ ပုံမှန်ဖြစ်စဥ်ပါပဲ။
နောက်တစ်ခုက ရာသီဥတုပူတဲ့အခါ ချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားပြီး ရေဓာတ်ဟာ အစာခြေလုပ်ငန်းစဥ်၊ ခန္ဓာကိုယ်အပူချိန်ထိန်းညှိတဲ့ လုပ်ငန်းစဥ်နဲ့ အာဟာရတွေကို သယ်ယူပိုဆောင်တဲ့ လုပ်ငန်းစဥ်တွေအတွက် အရေးပါတဲ့အရာပါ။ ရေဓာတ်ဆုံးရှုံးတာကြောင့်လည်း အစာစားချင်စိတ်ကို လျော့ကျစေနိုင်ပါတယ်။
ဒါကြောင့် အစာစားချင်စိတ်မရှိ ဖြစ်နေရင်…
- ရေများများသောက်ပါ။ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ဖို့ မမေ့ပါနဲ့။
- ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးမယ့် အုန်းရည်အေးအေးလေး၊ ကော်ဖီအေး၊ Bubble Tea, Smoothies စတာတွေ သောက်ပါ။
- ခန္ဓာကိုယ်အပူချိန်ကို လျော့စေသလို ရေဓာတ်များစွာပါဝင်တဲ့ ဖရဲသီး၊ သခွားသီး၊ ဂရိတ်ဖရုသီး၊ နံနံပင်၊ ပူစီနံ၊ ဆလတ်ရွက်၊ ကြက်သွန်နီလို အသီးအရွက်တွေ များများစားပါ။
- ပဲအမျိုးမျိုးနဲ့ တူနာငါး၊ ဆယ်လ်မွန်ငါး တို့လို အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဦးစားပေးစားပါ။
- အဆာပြေ အစားအစာတွေဖြစ်တဲ့ ဆီကြော်တွေ၊ Snack တွေဟာ အာဟာရမဖြစ်သလို အစာစားချင်စိတ်ကိုလည်း ဖြစ်မလာစေဘဲ အဆီစုစေ၊ အဝလွန်စေတာမို့ ရှောင်သင့်ပါတယ်။
- ကိုယ်လက်လှုပ်ရှားမှုကိုတော့ အတန်အသင့်သာ လုပ်သင့်ပါတယ်။
ပူပြင်းတဲ့ရာသီမှာ အစာစားချင်စိတ် မရှိတာဟာ ပုံမှန်ဆိုပေမယ့် မစားဘဲနေရင်လည်း အာဟာရချို့တဲ့ သွားမှာဖြစ်သလို စားကောင်းနိုးနိုးနဲ့ တွေ့ရာလျှောက်စားနေရင်လည်း အဝလွန်အဆီပိတ်ပြီး ရောဂါတွေ ရလာမှာပါ။ ဒါကြောင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးဖို့ ဂရုစိုက်ရမှာဖြစ်သလို စားသမျှ အာဟာရဖြစ်အောင် ဂရုပြုဖို့လည်း မမေ့ပါနဲ့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်